ပင်မစာမျက်နှာ

မလျှောက်ခင် အဆုံးထိဖတ်ပါ

Singapore အိမ်အကူအလုပ် မလျှောက်ခင် သိထားရမယ့်အချက်များ

ဒီစာမျက်နှာမှာ Singapore အိမ်အကူအလုပ်အကြောင်း၊ လျှောက်ထားဖို့လိုအပ်ချက်တွေနဲ့ ဒီအလုပ်လုပ်ဖို့ လိုအပ်တဲ့စိတ်နေစိတ်ထားတွေကို ရှင်းပြထားပါတယ်။

Singapore အိမ်အကူအလုပ်က ဘာတွေလုပ်ရမလဲ

Singapore အိမ်အကူအလုပ်ဆိုတာ အိမ်ရှင်မိသားစုနဲ့အတူနေပြီး သူတို့အိမ်ရဲ့ နေ့စဉ်အိမ်မှုကိစ္စတွေကို တာဝန်ယူလုပ်ပေးရတဲ့အလုပ်ပါ။

  • အိမ်သန့်ရှင်းရေးလုပ်ခြင်း

  • အဝတ်လျှော်၊ အဝတ်လှန်း၊ မီးပူတိုက်ခြင်း

  • ထမင်းဟင်းချက်ခြင်း

  • ဈေးဝယ်ခြင်း

  • ကလေးထိန်းခြင်း

  • သက်ကြီးရွယ်အိုကို ကူညီစောင့်ရှောက်ခြင်း

အိမ်တစ်အိမ်နဲ့တစ်အိမ် အလုပ်လုပ်ပုံ၊ စည်းကမ်းနဲ့ အချိန်ဇယားတွေ မတူပါဘူး။ ကိုယ်လုပ်နေကျအတိုင်းပဲ လုပ်ချင်လို့မရပါဘူး။ အိမ်ရှင်သင်ပေးတဲ့ပုံစံနဲ့ သူတို့အိမ်မှာ သတ်မှတ်ထားတဲ့စည်းကမ်းတွေအတိုင်း လေ့လာပြီး လိုက်လုပ်နိုင်ဖို့လိုပါတယ်။

ဒီအလုပ်က ပေါ့ပေါ့ပါးပါးလုပ်ရတဲ့အလုပ် မဟုတ်ပါဘူး။ ကိုယ်ရော စိတ်ရော ပင်ပန်းနိုင်ပါတယ်။ အထူးသဖြင့် Singapore ရောက်ခါစ ပထမလအနည်းငယ်မှာ ဘာသာစကား၊ အစားအသောက်၊ နေထိုင်ပုံနဲ့ အလုပ်လုပ်ပုံတွေ မတူတဲ့အတွက် အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်။


မဖြစ်မနေလိုအပ်ချက်များ

အောက်ကလိုအပ်ချက်တွေနဲ့ မကိုက်ညီသေးရင် လောလောဆယ် လျှောက်ထားလို့မရသေးပါဘူး။

အသက် ၂၃ နှစ်မှ ၃၉ နှစ်အတွင်း ဖြစ်ရမယ်

အသက် ၂၃ နှစ်မပြည့်သေးသူနဲ့ ၃၉ နှစ်ကျော်သူတွေ လျှောက်လို့မရသေးပါဘူး။

ကျန်းမာရေးကောင်းရမယ်

အိမ်အလုပ်တွေကို နေ့စဉ်လုပ်နိုင်လောက်အောင် ကျန်းမာသန်စွမ်းဖို့လိုပါတယ်။

ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တခြားနာတာရှည်ရောဂါတွေရှိရင် ကြိုပြီး အမှန်အတိုင်းပြောပြရပါမယ်။ Singapore ရောက်ရင် လိုအပ်တဲ့ဆေးစစ်ချက်ကိုလည်း အောင်ရပါမယ်။

ကိုယ့်မှာရှိတဲ့ရောဂါကို ဖုံးထားပြီး လျှောက်ထားလို့မရပါဘူး။

အခြေခံ English စကား နားလည်ပြောနိုင်ရမယ်

English အရမ်းတော်ဖို့မလိုပါဘူး။ ဒါပေမဲ့ အိမ်ရှင်ပြောတဲ့ ရိုးရိုးအလုပ်ညွှန်ကြားချက်တွေကို နားလည်ပြီး အခြေခံစကားနဲ့ ပြန်ပြောနိုင်ရပါမယ်။

နားမလည်ရင် နားမလည်ဘူးလို့ ပြောပြီး ပြန်မေးတတ်ရပါမယ်။ မသိဘဲနဲ့ အကုန် “Yes, Madam” လို့ လိုက်ပြောနေလို့မရပါဘူး။

အိမ်အလုပ်အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိရမယ်

တခြားသူအိမ်မှာ အလုပ်လုပ်ဖူးမှ မဟုတ်ပါဘူး။ ကိုယ့်အိမ်မှာ ကိုယ်တိုင်ဦးဆောင်ပြီး အောက်ပါအလုပ်တွေကို ပုံမှန်လုပ်ဖူးရင်လည်း အတွေ့အကြုံထဲမှာ ထည့်တွက်လို့ရပါတယ်။

  • ထမင်းဟင်းချက်ခြင်း

  • အဝတ်လျှော်ခြင်း

  • မီးပူတိုက်ခြင်း

  • အိမ်သန့်ရှင်းရေးလုပ်ခြင်း

  • ကလေး သို့မဟုတ် သက်ကြီးရွယ်အိုကို ကြည့်ရှုခြင်း

အနည်းဆုံး ၈ တန်းအောင်ရမယ်

စာရေးစာဖတ်နိုင်ပြီး အခြေခံညွှန်ကြားချက်တွေကို ဖတ်ရှုနားလည်နိုင်ဖို့ လိုပါတယ်။


ဒီအလုပ်လုပ်ဖို့ လိုအပ်တဲ့စိတ်နေစိတ်ထား

အောက်ကအချက်တွေကို သေချာဖတ်ပြီး ကိုယ်တကယ်လုပ်နိုင်၊ မလုပ်နိုင် စဉ်းစားကြည့်ပါ။ အလုပ်လိုချင်လို့ အကုန်လုပ်နိုင်တယ်ဆိုပြီး အလွယ်တကူ မဖြေပါနဲ့။

စိတ်ရှည်ပြီး ဒေါသထိန်းနိုင်ရမယ်

Singapore အိမ်ရှင်အချို့က စကားပြောတာ တိုက်ရိုက်ဆန်ပါတယ်။ ကိုယ်အလုပ်မှားရင် သတိပေးတာ၊ အသံမာမာနဲ့ ပြောတာ၊ ပြန်လုပ်ခိုင်းတာတွေ ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်လုပ်ကိုင်ခဲ့တဲ့ပုံစံနဲ့ မတူတဲ့အတွက် အစပိုင်းမှာ “ငါ့ကို ဘာလို့ဒီလိုပြောတာလဲ”၊ “ငါ့ကို အော်တယ်၊ ဆူတယ်” ဆိုပြီး စိတ်ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

သာမန်သတိပေးတာကို လက်မခံနိုင်သူ၊ တစ်ခုခုပြောလိုက်တာနဲ့ ဒေါသထွက်သူ၊ စိတ်ဆိုးပြီး အလုပ်ထွက်ချင်သူဆိုရင် ဒီအလုပ်နဲ့ မကိုက်ပါဘူး။

ပင်ပန်းတာကို ခံနိုင်ရမယ်

အိမ်အကူအလုပ်က မနက်အလုပ်စတဲ့အချိန်ကနေ ညဘက်အလုပ်တွေပြီးတဲ့အချိန်အထိ လုပ်စရာတွေ ရှိနေတတ်ပါတယ်။

  • အလုပ်လုပ်ချင်စိတ်ရှိရမယ်

  • ပင်ပန်းတာကို ခံနိုင်ရမယ်

  • အခက်အခဲနည်းနည်းကြုံတာနဲ့ လက်မလျှော့ရဘူး

  • ကိုယ့်အလုပ်ကို တာဝန်ယူပြီး ပြီးအောင်လုပ်တတ်ရမယ်

သင်ယူနိုင်ပြီး အိမ်ရှင်ညွှန်ကြားတာကို လိုက်နာနိုင်ရမယ်

အိမ်တိုင်းမှာ သန့်ရှင်းရေးလုပ်ပုံ၊ ဟင်းချက်ပုံ၊ ပစ္စည်းသုံးပုံနဲ့ အချိန်ဇယားတွေ မတူပါဘူး။

“ကျွန်မလုပ်နေကျပုံက ဒီလိုပဲ”၊ “ဒီလိုပဲလုပ်တတ်တယ်” ဆိုပြီး ကိုယ်လုပ်ချင်သလို လုပ်နေလို့မရပါဘူး။

အိမ်ရှင်သင်ပေးတာကို သေချာနားထောင်ပြီး သူတို့အိမ်ရဲ့ပုံစံအတိုင်း လေ့လာလိုက်လုပ်နိုင်ရပါမယ်။ မသိရင် မေးရမယ်။ အမှားပြင်ပေးရင်လည်း လက်ခံပြင်နိုင်ရပါမယ်။

ဖုန်းအသုံးပြုတာကို ထိန်းနိုင်ရမယ်

အလုပ်ချိန်မှာ ဖုန်းခဏခဏကြည့်တာ၊ ဂိမ်းကစားတာ၊ TikTok ကြည့်တာ၊ သူငယ်ချင်းတွေနဲ့ အချိန်အကြာကြီး စကားပြောနေတာမျိုး လုပ်လို့မရပါဘူး။

အိမ်ရှင်အများစုက အလုပ်ချိန်အတွင်း ဖုန်းအသုံးပြုတာကို ကန့်သတ်ထားတတ်ပါတယ်။ အနားယူချိန် ဒါမှမဟုတ် သတ်မှတ်ပေးထားတဲ့အချိန်မှ သုံးရတာမျိုး ရှိနိုင်ပါတယ်။

ဖုန်းမကြည့်ရရင် လုံးဝမနေနိုင်သူ၊ ဖုန်းအသုံးပြုတာကို ကိုယ်တိုင်မထိန်းနိုင်သူဆိုရင် ဒီအလုပ်နဲ့ မကိုက်ပါဘူး။

နှစ်နှစ်စာချုပ်ပြည့်အောင် လုပ်ချင်စိတ်ရှိရမယ်

ဒီအလုပ်က ပုံမှန်အားဖြင့် နှစ်နှစ်စာချုပ်နဲ့ လုပ်ရတဲ့အလုပ်ပါ။

“အဆင်ပြေသလောက်ပဲ လုပ်မယ်”၊ “မပျော်ရင် ချက်ချင်းပြန်မယ်”၊ “ငါ့မှာ ပိုက်ဆံရှိတယ်၊ မလုပ်လည်း မငတ်ဘူး” ဆိုတဲ့စိတ်နဲ့တော့ မလျှောက်သင့်ပါဘူး။

ပြဿနာနည်းနည်းဖြစ်တိုင်း ထွက်ဖို့စဉ်းစားမယ့်အစား အရင်ဆုံး ပြောဆိုညှိနှိုင်းပြီး အဆင်ပြေအောင် ကြိုးစားရပါမယ်။

မိသားစုအတွက်၊ ကိုယ့်အနာဂတ်အတွက် ဝင်ငွေရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်ရှည်ကြိုးစားလုပ်ချင်သူတွေသာ လျှောက်ပါ။

နှစ်နှစ်စာချုပ်ပြည့်ပြီးသွားရင်တော့ ဆက်လုပ်မလား၊ မြန်မာနိုင်ငံပြန်မလားကို ကိုယ်တိုင်လွတ်လပ်စွာ ဆုံးဖြတ်လို့ရပါတယ်။

အရာရာကို အလွန်အကျွံရွေးချယ်ပြီး ကွန်ပလိန်းမတက်ရဘူး

အိမ်ရှင်အိမ်မှာ နေရတာဖြစ်လို့ ကိုယ့်အိမ်မှာလို အရာအားလုံး ကိုယ်ကြိုက်သလို ဖြစ်မှာမဟုတ်ပါဘူး။

  • ဒီဟင်းမကြိုက်လို့ လုံးဝမစားချင်ဘူး

  • မနက်စောစော မထချင်ဘူး

  • အိမ်အလုပ်ပဲလုပ်ချင်တယ်၊ ကလေးတော့ မထိန်းချင်ဘူး

  • ခေါင်းလျှော်ခိုင်းတာ မလျှော်ချင်ဘူး

  • အိမ်ရှင်သတ်မှတ်ထားတဲ့နေရာမှာ မစောင့်ချင်ဘူး

  • အမှားပြောလိုက်တိုင်း ကွန်ပလိန်းတက်ချင်တယ်

ရိုးသားရမယ်၊ လိမ်လို့မရဘူး

ကိုယ့်ကျန်းမာရေး၊ အလုပ်အတွေ့အကြုံနဲ့ မိသားစုအခြေအနေတွေကို အမှန်အတိုင်း ပြောပြရပါမယ်။

အလုပ်လုပ်ရင်း အောက်ပါကိစ္စတွေဖြစ်ရင် ဖုံးထားတာ၊ လိမ်ပြောတာမျိုး မလုပ်ရပါဘူး။ ချက်ချင်းအမှန်အတိုင်း ပြောရပါမယ်။

  • ကိုယ်အမှားလုပ်မိတာ

  • ပစ္စည်းတစ်ခုခုပျက်သွားတာ

  • ပစ္စည်းပျောက်သွားတာ

  • ကလေး သို့မဟုတ် သက်ကြီးရွယ်အို ထိခိုက်မိတာ

  • အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်သွားတာ


Passport နဲ့ပတ်သက်ပြီး သိထားရမယ့်အချက်များ

Passport ရှိပြီးသားဆိုရင်

သက်တမ်းအနည်းဆုံး ၈ လကျန်သေးတဲ့ PJ သို့မဟုတ် PV Passport ရှိရင် လျှောက်လို့ရပါတယ်။

Passport သက်တမ်း ၈ လမကျန်တော့ရင် သက်တမ်းတိုးဖို့ လိုပါမယ်။ ပုံမှန် Passport သက်တမ်းတိုးခ ၂ သိန်းခွဲအထိ mingalarSG က စိုက်ထုတ်ပေးပါမယ်။

အမြန်ကြေး၊ ပွဲစားခ ဒါမှမဟုတ် တခြားအပိုကုန်ကျစရိတ်တွေရှိရင် ကိုယ်တိုင်ကျခံရပါမယ်။ လိုအပ်ရင် Passport လုပ်ပေးတဲ့သူနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။

Passport လုံးဝမလုပ်ဖူးသေးရင်

အရင်က PJ ဒါမှမဟုတ် PV Passport လုံးဝမလုပ်ဖူးတဲ့သူဆိုရင် Passport အသစ်လုပ်ဖို့ mingalarSG က ကူညီပေးပါမယ်။

ပုံမှန် Passport လုပ်ခအတွက် ကိုယ်တိုင်ငွေပေးစရာ မလိုပါဘူး။

Passport အဟောင်းလုပ်ဖူးပြီး ပျောက်သွားတာ သို့မဟုတ် သက်တမ်းကုန်သွားရင်

အရင်က Passport လုပ်ဖူးပြီး အခုစာအုပ်ပျောက်သွားတာ၊ သက်တမ်းကုန်သွားတာ ဒါမှမဟုတ် အသစ်ပြန်လုပ်ရတာဆိုရင် ပုံမှန် Passport လုပ်ခ ၂ သိန်းခွဲအထိ mingalarSG က စိုက်ထုတ်ပေးပါမယ်။

ပျောက်ဆုံးဒဏ်ကြေး၊ အမြန်ကြေးနဲ့ တခြားအပိုကုန်ကျစရိတ်တွေကိုတော့ ကိုယ်တိုင်ကျခံရပါမယ်။

အားလုံးဖတ်ပြီး ကိုယ်နဲ့ကိုက်ညီတယ်ဆိုရင်

အပေါ်မှာရေးထားတဲ့ အလုပ်အကြောင်း၊ မဖြစ်မနေလိုအပ်ချက်တွေနဲ့ လိုအပ်တဲ့စိတ်နေစိတ်ထားတွေကို နားလည်ပြီး ကိုယ်နဲ့လည်းကိုက်ညီတယ်၊ Singapore မှာ အိမ်အကူအလုပ်သွားလုပ်ဖို့ တကယ်စိတ်ဝင်စားတယ်ဆိုရင် လျှောက်လွှာဖြည့်နိုင်ပါတယ်။

လျှောက်လွှာဖြည့်လိုက်တာနဲ့ ချက်ချင်းလက်ခံလိုက်တာ မဟုတ်သေးပါဘူး။ ပေးပို့ထားတဲ့အချက်အလက်တွေကို အရင်စစ်ဆေးပြီး ကိုက်ညီသူတွေကို ဖုန်းဆက်ကာ နောက်တစ်ဆင့်အတွက် ပြောပြပေးပါမယ်။

မသေချာတာရှိရင် မေးနိုင်ပါတယ်

လျှောက်လွှာမဖြည့်ခင် ဖုန်း၊ Viber သို့မဟုတ် Telegram ကနေ မေးလို့ရပါတယ်။ ဖုန်းမဆက်နိုင်ရင် နာမည်၊ အသက်၊ လက်ရှိနေတဲ့မြို့နဲ့ “Singapore အိမ်အကူအလုပ် လျှောက်ချင်ပါတယ်” လို့ စာပို့ထားနိုင်ပါတယ်။